welcome

ပန်းရတနာစာပေမှ ကြိုဆိုပါ၏။

အကျည်းတန်သူဌေးသမီးလေး


အကျည်းတန်သူဌေးသမီးလေး

ပုံပြင်

ကျောက်တောင်များထူထပ်သော တောရွာလေးတစ်ခုတွင် ချမ်းသာကြွယ်ဝသည့် သူဌေးကြီးနှင့် သူ၏သမီးလေးတို့ နေထိုင်ကြသည်။ သူဌေးကြီး၏ အိမ်တွင်အလုပ်လုပ်သော လုလင်တစ်ဦးနှင့် သူဌေးသမီးလေးတို့ ချစ်ကြိုက်မိ နေကြသည်။ တစ်နေ့ သူဌေးကြီးသိသွားပြီး သဘောမတူမည်ကို စိုးရိမ်ကာ သူဌေးသမီးသည်လုလင်နှင့်အတူ အိမ်မှထွက်ပြေးသွားလေသည်။ မကြာမီ သူဌေးကြီးသည် ရောဂါဖြစ်၍ သေဆုံးသွားသည်။ ထို့ကြောင့် လုလင်နှင့် သူဌေးသမီးလေးတို့သည် အမွေအားလုံးကို ရရှိကာ အိမ်ကြီးသို့ ပြန်လည်ရောက်ရှိလာခဲ့ ကြသည်။ သို့သော် လုလင်သည် သောက်စားမူးယစ်လာပြီး စရိုက်ပြောင်းကာ ဇနီးဖြစ်သူအား ရိုင်းစိုင်းစွာ ဆက်ဆံလာသည်။ ဇနီးဖြစ်သူမရှိတော့လျှင် ဒီအိမ်ကြီးနှင့် အမွေပစ္စည်းအားလုံး သူရလိမ့် မည်ဟု တွေးကြံ‌နေ၏။ တစ်နေ့တွင် သူဌေးသမီးလေး အိပ်ပျော်နေခိုက် အပြင်မှတံခါးပိတ်၍ မီးရှို့လေ၏။ ကံကောင်းထောက်မ၍ အသက်မသေဘဲပြတင်းပေါက်မှ ခုန်ထွက်သဖြင့် သူဌေးသမီးလေး အသက်ဘေးမှလွတ်ခဲ့၏။ သို့သော် သူ့တစ်ကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများပြည့်နှက်ကာ အရုပ်ဆိုးအကျည်းတန်သွားလေသည်။ လုလင်သည် ရုပ်ဆိုးသွားသောသူ့ဇနီးအား ပို၍မနှစ်သက်တော့ဘဲ ထပ်လှည့်ဖြားရန် ကြံစည်တော့သည်။ "ရှင်မရေ... မင်းကိုယ်က အမာရွတ်တွေ ပျောက်‌အောင်ကုနိုင်တဲ့ တောထဲက ဆေးဆရာရသေ့ကြီးဆီသွားရအောင်" ဟု လှည့်ဖြားပြောကာ သူဌေးသမီးလေးကို တောင်းထဲ ထည့်၍ ကျောပိုးကာ လူသူဝေးသည့် တောထဲခေါ်ဆောင်သွားသည်။ ထို့နောက် ကျောက်တောင်စောင်းမှ မတော်တဆ လဲကျဟန်ဖြင့် ချောက်ထဲသို့ ပစ်ချလိုက်သည်။ ပြီးနောက်လုလင်သည် ထွက်ပြေးသွားတော့၏။
သို့သော် ကံကောင်းချင်တော့ သူဌေးသမီးလေးသည် ချောက်ထဲသို့ မကျဘဲ ချောက်ကမ်းပါးရှိ ချုံနွယ်များပေါ်တွင် ငြိတင်နေခဲ့သည်။ ထိုအချိန်တွင် ကျောက်ကမ်းပါးရှိ ဂူထဲမှ ကျောက်နဂါးကြီး ထွက်လာပြီး အဆိပ်ခိုးများဖြင့် သူ့အား မှုတ်လိုက်သည်။ သူဌေးသမီးလေးသည် အဆိပ်ငွေ့များကြောင့် ချုံနွယ်များပေါ်တွင် မူးမေ့လဲကျသွားသည်။ ထိုစဉ် ဧရာမငှက်ကြီးတစ်ကောင်က သူ့အား အစာဟု ထင်ကာ အသိုက်သို့ ချည်ယူသွားလေသည်။ သို့သော် ငှက်ကြီးသည် သူမ၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာကိုမြင်သောအခါ လန့်ပြီး အပင်ပေါ်မှ တွန်းချလိုက်၏။
ကံကောင်းစွာဖြင့် သူဌေးသမီးလေးသည် သစ်ပင်အောက်ရှိ မှော်ရေကန်ထဲသို့ ကျပြီး ထို‌မှော်ရေကန်၏ အစွမ်းကြောင့် ဒဏ်ရာများပျောက်ကာ မူလထက်ပင် ပို၍ လှပလာသည်။ သူမသည် တောအုပ်တို့ကို ဖြတ်ကာ အိမ်သို့ ပြန်လာခဲ့သည်။ အခြားမိန်းမများနှင့် သောက်စားပျော်ပါးနေသည့် ယောကျ်ားဖြစ်သူသည် သူဌေးသမီးလေးအား တွေ့လိုက်ရ‌သောအခါ အလွန်ထိတ်လန့်သွားသည်။ တစ္ဆေ….တစ္ဆေ….. တစ္ဆေဝိဉာဉ်အနေဖြင့် သူ့အားပြန်လာ၍ လက်စားချေသည်ဟု ထင်မှတ်ပြီး ဓားကိုကိုင်၍ ထွက်ပြေး‌ တော့သည်။ “ငါ့နားမလာ ဒီဓားနဲ့ခုတ်ပစ်မှာနော်” သူဌေးသမီးလေးက ရှင်းပြရန် နောက်မှ လိုက်သည်ကို ကြောက်လန့်တကြား ထွက်ပြေးရင်း ကျောက်တုံးကို ခလုတ်တိုက်လဲကာ ရင်ဝသို့ ဓားစိုက်ဝင်၍ လုလင်ယောက်ျား သေလေ၏။ နောက်ဆုံး….အိမ်ကြီး၌ သူဌေးသမီးလေးသည် တစ်ဦးတည်းသာ အေးချမ်းစွာဖြင့် နေထိုင်ရင်း သူ့ဘဝကိုပြောင်းလဲစေခဲ့သော မှော်ရေကန်၏ အစွမ်းကို တစ်ဘဝလုံး ကျေးဇူးတင်နေလေတော့သတည်း။
(ပြီး) +++++++++++

0 Response to "အကျည်းတန်သူဌေးသမီးလေး"